International News

ကမ္ဘာ့ဘဏ်က ၂၀၂၂ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ၏ စီးပွားရေး ပြန်လည်ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းခြင်း

Last Updated:

တောင်အာဖရိကနိုင်ငံအတွင်း ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးမှု မြှင့်တင်နိုင်ခြင်းနှင့် ကိုဗစ်ရောဂါတွေ့ရှိမှုအရေအတွက် ကျဆင်း လာခြင်းတို့ကြောင့် နိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်ရောဂါမဖြစ်ပွားခင် အခြေအနေသို့ ပြန်လည်ကောင်းမွန်လာနိုင်ရန် ခန့်မှန်းကြောင်း ကမ္ဘာ့ဘဏ်၏ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့စီးပွားရေးအခြေအနေအစီရင်ခံစာက ဖော်ပြထားကြောင်း သိရှိရပါသည်။

အစီရင်ခံစာအရ တောင်အာဖရိကနိုင်ငံ၏ ၂၀၂၁ ခုနှစ်အတွက် GDP သည် ကမ္ဘာ့ဘဏ်က ဇွန်လတွင် ခန့်မှန်းထားသည်ထက် တိုး တက်ခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း သတ္တုတူးဖော်မှုလုပ်ငန်း၊ ထုတ်လုပ်မှုလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍများ ခိုင်မာစွာ ကောင်းမွန်လာသည့်အတွက် စီးပွားရေး ၄.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ထို့အတူ ၂၀၂၂ ခုနှစ်တွင်လည်း ၂.၁ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်အတွက် ၁.၅ ရာခိုင်နှုန်းတိုးတက်နိုင်ရန် ခန့်မှန်းထားကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားမှုကို ထိမ်းချုပ်နိုင်မှုနှင့် ကာကွယ်ဆေး ကျယ် ကျယ်ပြန့်ပြန့် ထိုးပေးနိုင်မှုသည် ခရီးသွားလုပ်ငန်းအပါအဝင် ဝန်ဆောင်မှုကဏ္ဍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် နှစ်ကုန်အထိ တောင်အာဖရိကနိုင်ငံလူဉီးရေ၏ ၂၇ ရာခိုင်နှုန်းအား ကာကွယ်ဆေးထိုးပေးပြီးဖြစ်ကြောင်း၊ ထို့အပြင်အစိုးရအနေဖြင့်  lockdown ကန့်သတ်ချက်များကိုလည်း ထပ်မံဖြေလျော့ပေးထားပြီးဖြစ်ကြောင်း သိရှိရပါသည်။

ပုဂ္ဂလိကဝယ်ယူစားသုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှုသည် ယခင်နှစ် ကိုဗစ်ရောဂါဖြစ်ပွားမှုနှင့် ဆန္ဒပြမှုများကြောင့် ထိခိုက်ခြင်းများမှ ပြန်လည်ကောင်းမွန်လာသည့် အခြေအနေသို့ရောက်ရှိလာပြီဖြစ်ကြောင်း၊ သို့သော် အလုပ်လက်မဲ့မှုနှုန်းများပြားနေခြင်း၊ မညီမျှမှုများ ဖြစ်ပေါ်နေခြင်းနှင့် ဖွဲ့စည်းမှုဆိုင်ရာအတားအဆီးများသည် စီးပွားရေးလုပ်ငန်းများ ဆက်လက်ဖွံ့ဖြိုးနိုင်မှုအတွက် အဟန့်အတားများ ဖြစ် နေမည်ဖြစ်ကြောင်း၊ ထို့အပြင် အစိုးရ၏ ကြွေးမြီမြင့်တက်၍ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုမပြု လုပ်င်ခြင်းသည် အနာဂတ်ကာလ ဖွံ့ဖြိုး တိုးတက်မှု ခိုင်မာစေရေးအတွက် ကြီးမားသည့်အတားအဆီးများ ဖြစ်နေမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

ကမ္ဘာ့ဘဏ်၏ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်များအတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ခန့်မှန်းရာတွင် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်း၊ ကြွေးမြီနှင့် ဝင်ငွေမညီမျှမှုများ ဖြစ်ပေါ်နိုင်မှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေးပြန်လည်ကောင်းမွန်လာမှုကို အခက်အခဲဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ကမ္ဘာ့ စီးပွားရေးတိုးတက်မှုသည် ၂၀၂၁ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၄.၁ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင် ၃.၂ ရာခိုင်နှုန်းအထိ လျော့နည်းတိုးတက်နိုင်ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပရီတိုးရီးယားမြို့)

Source:           https://www.iol.co.za/business-report/economy/sas-economy-likely-to-rebound-this-year-says-world-bank-1d0f3bb1-405b-4702-90fb-25d4 22 fbab55

Category: International News